ယျာတင်၏ ရင်တွင်းဖြစ် ကဗျာများ၊ ဆောင်းပါးများ၊ ဝတ္တုတိုများ
11 December, 2016
ညီလေးသို့ မှာတမ်း
"ညီလေးသို့ မှာတမ်း"
ညီလေး...
မင်းမှာသာ လွှတ်မြောက်ချင်စိတ် ပြင်းပြနေခဲ့ရင်း
လွှတ်မြောက်မှုက မင်းနဲ့ ဝေးမနေတော့ပါဘူး။
ကိုကြီးပြောတာ ယုံစမ်းပါ။
အမှန်တရားကို လမ်ခင်း
သူရသတ္တိတွေ ရင်မှာပိုက်လို့
လွှတ်မြောက်မှုပန်းတိုင်သို့ ဦးတည်
နောက်မဆုတ်တမ်း ချီတက်နေဖို့တော့ လိုတာပေါ့လေ။
ဖိနှိပ်ခံနေရမှုက
မင်းရခဲ့တဲ့ အမွေဆိုးတစ်ခုဆို
မင်းရဲ့သေတမ်းစာမှာတော့
လွတ်လပ်မှု တစ်ခုကို ရေးနိုင်ဖို့
ယနေ့ကစ သံန္နိဌာန်ချမှတ်လိုက်စမ်းပါ။
ညီလေး...
နေမင်းဆိုတာ နေ့မှာပဲ ပေါ်ထွန်းတာ
အလားတူ ကြယ်စင်တွေလည်း
ညမှာပဲ ထွန်းလင်းတတ်တာ
ဒါက အချိန်တန်ရင်
အရာမှန် နေရာမှန် ရောက်လာတတ်ခြင်းရဲ့သီအိုရီပဲ။
မနက်ခင်းရဲ့ နေမင်းကို
အပြုံးနဲ့ မင်း ရင်ဆိုင်နိုင်ဖို့ အတွက်ဆို
မတရားအနိုင်ကျင့်ခံနေရမှု အမှောင်ထဲမှာ
မင်းရဲ့ခံနိုင်ရည်အားကို မြှင့်ထားလိုက်စမ်းပါ။
ပြီးတော့--
ညအမှောင်မှာ ကြယ်စင်ထွန်းပဖို့
မင်းမှာ ဆုတောင်းစရာ မလိုဘူး။
ရာသီသာယာရင် အလင်းရမယ်
မိုးသက်မုန်တိုင်း ကျခဲ့ရင် မှောင်မိုက်နေတော့မယ်။
မင်းမှာတော့
အခြေအနေ အချိန်အခါနဲ့ လိုက်လျောညီထွေစွာ နေတတ်ဖို့
အသိပညာတစ်ခုတော့ ရှိရန်လိုတာပေါ့လေ။
ညီလေး...
မွေးတစ်နေ့ သေတစ်နေ့ လူ့ဘဝမှာ
မတရားမှုရှေ့မှောက် မင်းခေါင်းငုံ့နေစရာမလိုဘူး။
အချိန်ယူ ပင်ပင်ပန်းပန်း ဆောက်ခဲ့တဲ့ ပျားအုံလေး
တစ်မှိတ်အတွင် ဖျက်စီးခံရတဲ့ ပျားပိတုတ်တွေတောင်
လက်မလျော့ဘဲ ပြန်ဆောက်နေတတ်တာပဲလေ။
မင်းက--
ပျားပိတုတ်ထက် စွမ်းပကာပိုရှိတဲ့ လူကြွပဲ
မင်း ဘာကို စိတ်ဓာတ်စရာလိုလို့လဲ။
တစ်ကြိမ် လှဲချခံရရင် နှစ်ကြိမ် ထပြလိုက်စမ်းပါ။
မင်းကို ကိုကြီး ယုံတယ်။
ညီလေး...
မင်းငယ်ငယ်ကလေ
"အစ်ကိုကြီး ဘဝမှာ ဘာအရေးကြီးဆုံးလဲ" ဆိုပြီးမေးတိုင်း
အကြိမ်ကြိမ် မင်းရခဲ့တဲ့ အဖြေက
"လွတ်လပ်မှု" ဆိုတဲ့ စကားလုံးသာပဲ မဟုတ်လား။
ရွှေငွေ၊ တိုက်အိမ်၊ ဇိမ်ခံကား
အရာရာထက် လွတ်လပ်မှုက ပိုအရေးပါမှန်း
အခုဆို မင်းသိလောက်ပြီထင်တယ်။
ရိုဟင်ဂျာမျိုးရိုးထဲက မွေးလာတာပဲဆိုတော့
မင်း မသိစရာ အကြောင်းမရှိပါဘူး။
ညီလေး...
ငါတော့ အိုမင်းရင့်ရော်သွားခဲ့ပြီ။
အရင်လို စိတ်သွားတိုင်း ကိုယ်မပါတော့ပါဘူး။
အခုက မင်းအလှည့်
မင်းရဲ့ အသိပညာနဲ့ ထက်ကြွဖျတ်လတ်မှုတွေကို
မင်းရဲ့ အဖိနှိပ်ခံ မျိုးနွယ်စုရဲ့လွတ်မြောက်မှုအတွက်
မင်း ... အသုံးချလိုက်စမ်းပါ....
ဒါက မင်းထံ ငါ့မှာတမ်းပဲ ညီလေး။
မင်းရဲ့ချစ်ဆုံး အစ်ကိုကြီး။
#ယျာတင်_ရိုဟင်းသား#
Subscribe to:
Post Comments (Atom)
-
သူငယ်ချင်းထံ ပေးစာ(၁) =============== သို့/- အဝေးက သူငယ်ချင်း သူငယ်ချင်း ... ကျန်းမာချမ်းသာ ရှိနေတယ်လို့ မျှော်လင့်ပါတယ်။ မတီး...
-
ဘောလုံးကန် ဖိနပ်မရှိလို့ ငိုဖူးတဲ့ ဘဝမှ ဘောလုံးလောကရဲ့ ဘုရင်တစ်ပါး ဖြစ်လာသူ ===============================================...
-
လျှာနှစ်ခွနှင့်လူ ========== ပြောတော့ သမိုင်းပညာရှင်။ အမှန်အမှားရွေးရေး ထိပ်တိုက်တွေ့ဖို့ စိန်ခေါ်တော့ ဝေ့လည်ကြော...
No comments:
Post a Comment