ခွဆုံက နာရီစင်ကြီး၏ နားမလည်မှု
=====================
ခွဆုံက နာရီစင်
တစ်နေကုန်ပေါ့
လူမျိုးစုံ၊ အရွယ်စုံ၊ အဆင့်အတန်းစုံ
စတဲ့ ပုံပန်းသဏ္ဍာန်ကွဲ လူများစွာရဲ့
မျက်လုံးက မေးတဲ့ အမေးတွေကို
တစ်ဦးချင်းစီ စိတ်ရှည်လက်ရှည် ဖြေခဲ့တယ်။
နေဝင်ပြီး ညဝင်လာလည်း နားဖို့မတွေးအား
တာဝန် ပျက်ကွက်ဖြစ်မည်ကို သတိထား
ပြောရရင် နေ့မအား ညမနားပေါ့လေ။
ဒီတော့ - သူ...
အရိုးကိုက်အောင် မောပန်းတယ်ကွယ်။
ဒါပေမယ့်
ထိုင်ပြီး ညည်းညူးမနေတတ်
သူ့ခန္ဓာကိုယ်က ကျောက်တည်နဲ့
သူ့အသည်းကတော့ ခန္ဓာကိုယ်ထက်
အဆပေါင်းများစွာ မာသည်လေ။
သူ လွမ်းတယ်...
ပြင်းပြင်းပြပြကို လွမ်းတယ်။
မနေ့က မြင်ဖူးတဲ့ လူထဲကတစ်ချို့ကို
ဒီနေ့မတွေ့ဖြစ်တဲ့ အခါပေါ့။
ကြိုတင် လွမ်းမိတာကလည်းရှိသေး
ဒီနေ့တွေ့နေတဲ့ လူထဲက ဘယ်သူ
မနက်ဖြန်ဆို သူ့ကိုကျော့ခိုင်းသွားမလဲပေါ့။
ဪ...
လူတွေ သေခြင်းတရားနဲ့ ရင်ဆိုင်ရတာကိုး။
သူ့လို နာရီစင်ကိုပဲ မဟုတ်ဘူး
အရာရာကို ထားရစ်ပြီး အဆုံးမဲ့ ခရီးရှည်ကြီးသို့
လူတိုင်း မဖြစ်မနေ ခရီးသွားရမှာလေ။
ဒါနဲ့....
သူ...နားမလည်တဲ့ ပဟေဠိအချို့
သေခြင်းတရားဖျော်ရည်ကို ကိန်းသေသောက်ရမယ့်
လူသားမျိုးနွယ်စု
သူတို့ အချင်းချင်း ဘာဖြစ်လို့ အနိုင်ကျင့်တာလဲ
လူမျိုးဘာသာ၊ အသားအရောင်၊ ဆင်းရဲချမ်းသား ဘာဖြစ်လို့ ခွဲခြားတာလဲ။
စဉ်းစားရင်း အဖြေထုတ်မရတဲ့ အဆုံး
အသံမဲ့ လှောင်ပြောင်သည်က ဒီလို-
"လူလူချင်း နှိမ့်ချတတ်သူ အားလုံး အရူး"
"လူလူခြင်း ခွဲခြားတတ်သူ အားလုံး ငပေါ'' တဲ့။
စိတ်လှုပ်ရှားလာပြီကွယ်....
အလှောင်ခံစာရင်းထဲမှာ
ငါ ဆိုတဲ့ အတ္တရှင် ပါများပါနေသလား။
ခွဆုံအလယ်က နာရီစင်ကြီးကို
ငါ ...
မနက်ဖြန် သေချာမေးကြည့်ရဦးမည်။
#ယျာတင်_ရိုဟင်းသား#
No comments:
Post a Comment