01 April, 2016

သူငယ်ချင်းထံ ပေးစာ(၁)



သူငယ်ချင်းထံ ပေးစာ(၁)
===============

သို့/-
အ​ဝေးက သူငယ်​ချင်း

သူငယ်ချင်း ...
ကျန်းမာချမ်းသာ ရှိနေတယ်လို့ မျှော်လင့်ပါတယ်။ မတီးလည်း မမြည် မပြောလည်းမဖြစ်တဲ့ စကားတစ်ချို့ သူငယ်ချင်းဆီ လှမ်းပါးချင်လို့ ဒီစာကို ရေးလိုက်ခြင်း ဖြစ်ပါတယ်။ ဆရာလုပ်ချင်တဲ့ ပိုးကလည်း အရင်လိုပဲ ရှိနေလေတော့ ဝေးသွားလည်း အဝေးကနေ ဆရာ လုပ်ခွင့်ပြုပါလေ။ သူငယ်ချင်းလည်း အလုပ်တွေနဲ့ သိပ်မအားတာမို့ စာကို တိုတိုတုတ်တုတ်ပဲ ရေးလိုက်တယ်။

ကဲ့ ... ဆရာ စလုပ်ပြီ။

သူငယ်ချင်း... အခုတလော social မီဒီယာပေါ် မြင်နေ တွေ့နေကြတဲ့ အမုန်းတရား ပွားစေတဲ့ အရေးအသားမျိုး ... သူတစ်ပါးရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေတဲ့  Photoshop မျိုး ... နိုင်ငံမတည်မငြိမ် ဖြစ်အောင် လှုံဆော်တဲ့ မဟုတ်မမှန် ကောလဟာလစာမျိုးနဲ့ ပတ်သက်ပြီး သူငယ်ချင်းကို အတွေးလေး နည်းနည်း ဖော်ပေးချင်လို့ပါ။

အဲ့လိုမျိုးတွေကို social မီဒီယာပေါ် ကိုယ်တိုင်လည်း မတင်မိပါနဲ့။ သူများတင်နေတဲ့ဟာတွေကို လိုက်ပြီး မဖြန့်ဝေပါနဲ့နော် သူငယ်ချင်း။

သူငယ်ချင်း ရေးတဲ့ အမုန်းတရားပွားစေမယ့် စာတစ်ကြောင်းက ဘယ်သူ့ကိုမှ ဘယ်လိုနည်းနဲ့မျှ အကျိုးမပြုနိုင်စေတာ သူငယ်ချင်းကို ကျနော် မေတ္တာလေး ရှေ့ထားပြီး သတိပေးပါရစေ။

လူတိုင်းမှာ ကိုယ်ပိုင် Freedom of expression ရှိတယ်။ ဒါပေမယ့် အဲ့ဒီ Freedom of expression ကို အမုန်းတရား ပွားစေမယ့် နေရာမျိုးမှာ Express လုပ်ခြင်းထက် မှန်မှန်ကန်ကန်နဲ့ သူတစ်ပါးအတွက် အကျိုးရှိရာမှာ သုံးရင် ပိုမကောင်းဘူးလားဗျာ။

" သင့်ကြောင့် အများပြည်သူ မနစ်နာစေရ ... နိုင်ငံအကျိုး မပျက်စေရ" ဆိုသလိုမျိုးပေါ့။ မီးသတ်တပ်ဖွဲ့ရဲ့ ဆောင်ပုဒ်စကားနဲ့ ပြောရရင် "သင့်ကြောင့် မီးမလောင်ပါစေနဲ့" ပေါ့လေ။

သူငယ်ချင်း... ထပ်ပြီး မှာကြာချင်တယ်။
သူတစ်ပါး အထွဋ်အမြတ်ထားပြီး ကိုးကွယ်တဲ့ ဘာသာတရားကိုလည်း ဘယ်နည်းနဲ့မှ မစော်ကားပါနဲ့နော်။ ဘာသာတရားဆိုတာ လူသားတွေရဲ့ နှလုံးသားထဲက အမွန်မြတ်ဆုံး အရာလေးပါ။ အကြိုက်မတွေ့ရင် လူပုဂ္ဂိုလ်ကိုသာ သပ်သပ်ဝေဖန်ပါ။ သူကိုးကွယ်တဲ့ ဘာသာတရားကို ဆွဲထည့်ပြီး မဝေဖန်မိဖို့ အင်မတန်မှ အရေးကြီးပါတယ်။

သူငယ်ချင်း ... ယခုဆို ကျနော်တို့ နိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်နေပါတယ်။ အဲ့လို အပြောင်းအလဲ ဖြစ်နေတဲ့ အချိန်မှာ နိုင်ငံ့အတွက် အကျိုးရှိမယ့် ဝေဖန်စာတွေ ... အကြုံပြုစာတွေ ... အားရင်အားသလို ရေးပါ။ နှစ်ပေါင်းပေါင်းများစွာ အာဏာရှင်အောက်နေခဲ့ရတဲ့ အကျိုးဆက်အဖြစ် အများပြည်သူတွေ ဒုက္ခအမျိုးမျိုး တွေ့ကြုံနေရတာကို ထောက်ပြတဲ့ စာမျိုး ... တို့နိုင်ငံကြီး အေးချမ်းသာယာ ဖွံ့ဖြိုးလာအောင် အကြုံပြုရေးသားတဲ့ စာမျိုးပေါ့လေ။

စော်ကားမော်ကားတဲ့ စာတွေ ... ပြဿနာဖြစ်ပွားနိုင်တဲ့ စကားအသုံးအနှုန်းတွေ ... အဃာတစိတ်ပေါ်လာစေတဲ့ အပြောအဆိုမျိုးတွေကိုတော့ ဖြစ်အောင် ရှောင်ကြဉ်ပါလေ။

အထက်က ဆရာလုပ်ခဲ့တဲ့ဟာတွေကို ဖတ်ပြီးနောက် --
"" ငါတို့ကိုကျတော့ လူတွေက စော်ကားနိုင်တယ်။
ဘာသာတရား အရရော့ လူမျိုးရေးအရရော့ ပက်ပက်စက်စက်ကို ဝေဖန်စော်ကားနေတာပဲ။
ယုတ်စွအဆုံး ရခိုင်ဒေသရဲ့ မူလဘူတ ဌာနေလူမျိုး ဖြစ်နေလျက်နဲ့ မနေ့တနေ့က ခိုးဝင်လာတယ်ဆိုပြီး စွပ်စွဲ ... ကုလားဆိုပြီး နိမ့်ချ ... အဲ့လိုမျိုး နေ့တိုင်း မဟုတ်မတရား စော်ကားနေတာပဲ။ အဲ့လိုအချိန်မျိုးမှာတောင် ငါတို့ နှုတ်ပိတ်နေရမလား ... """ ဆိုပြီး သူငယ်ချင်း စောဒက တက်ချင်နေပြီမလား??

ငါပြောပြမယ် ... သေချာ နားထောင်။
နှုတ်ပိတ်နေဖို့ ပြောနေတာ မဟုတ်ရပါဘူး။ အဲ့လို စော်ကားလာတဲ့ သူတွေကို ပညာသားပါပါ ချေပပေါ့။
လိမ်လိမ်မာမာ ပြောပြပေါ့။ အထောက်အထားနဲ့ ခိုင်ခိုင်လုံလုံ ရှင်းပြပေါ့။ သူနားလည်လာတဲ့အထိ အေးအေးဆေးဆေး ထောက်ပြပေါ့။ ယဉ်ယဉ်ကျေးကျေး ပြောဆိုဆွေးနွေးပေါ့။

ဒီလို အေးအေးဆေးဆေး ... လိမ်လိမ်မာမာ ... ခိုင်ခိုင်လုံလုံ ... ယဉ်ယဉ်ကျေးကျေး ပြောပြလို့ အဆင်မပြေတဲ့ လူတွေ တစ်ပုံကြီး ရှိနေတာ ဆိုပြီး စောဒက ပြန်တက်ချင်းလား သူငယ်ချင်း။

အဲ့လို ယဉ်ကျေး လိမ်မာစွာ ပြောပြလို့ မရတဲ့ လူတွေကို လူလို့ မသတ်မှတ် နိုင်ဘူးလေ။ အဲ့ဒီတော့ အဲ့လို လူတွေကို ရိုင်းရိုင်းစိုင်းစိုင်း ပြောလည်း အလာကားပဲ။ ဘယ်လိုပဲ ပြောပြော အကျိုးမထူးလှပါဘူး။ ဆိုတော့ ... အဲ့လို လူတွေကို ဂရုလည်း သိပ်စိုက်စရာ မလိုပါဘူး။ လစ်လျူသာရှုထားပေါ့။ အဲ့လို လူတွေက အချိန်တန်ရင် နေလာနှင်းပျောက် ဆိုသလို အလိုလို ပျောက်ကွယ် တိမ်ကော သွားမှာပဲ။ အဓိက,က မိမိကိုယ်တိုင်က အမှန်တရားပေါ် ခိုင်ခိုင်မာမာ ရပ်တည်ဖို့သာ အရေးကြီးတာပါ။

ဥပမာ- အရှင်ဝိရသူလို့ ဘုန်းကြီးတစ်ပါးက အစ္စလာမ်ဘာသာကိုရော့ မွစ်လိင်မ်တွေကိုရော့ အမြဲတမ်း ပက်ပက်စက်စက် စော်ကားနေတယ်။ တကယ်တော့ အရှင်ဝိရသူကိုယ်တိုင်က အစ္စလာမ်ဘာသာကို သိပ်မုန်းတီးနေတာထက် အာဏာရှင်တစ်စုရဲ့ အသုံးတော်ခံအဖြစ် က, ပြနေတာလောက်ပါ။

သူငယ်ချင်း ...
မေတ္တာပေးရင် မေတ္တာရတယ်။ ကြာချင်ကြာမှာ။ ရကိုရတတ်တယ်။ အတ္တကို ရှေ့ထားရင်တော့ မေတ္တာက နောက်သို့ တရွေ့ရွေ့ ရွေးသွားတတ်တယ်လေ။

အမုန်းစကားဆိုတာက ဖြန့်သွားတာ အင်မတန် မြန်တတ်တယ်။ အဲ့တော့ အစ မပျိုးတာပဲ အကောင်းဆုံးပါ။

"ကဲ့ ... အမုန်းစကားတွေကို ရှောင်
ပန်းစကားတွေပဲ ဆောင်
တို့ရဲ့ ပတ်ဝန်းကျင်
အေးချမ်းသာယာလာအောင်။" လေ။


သူငယ်ချင်း ... သမီးကို ကျူရှင် သွားကြိုရမှာမို့ စာကို ဒီလောက်နဲ့ပဲ အဆုံးသတ်လိုက်တော့မယ်နော်။ နောက်မှ ပြန် ဆုံတွေ့ကြတာပေါ့။ ဘိုင့်ဘိုင့်။

အဝေးတစ်နေရာက
သင့်သူငယ်ချင်း
#ယျာတင်_ရိုဟင်းသား#

၃၁၊၃၊၂၀၁၆
ညနေ ၄ နာရီ။

No comments:

Post a Comment