#ရာသီစက်ဝန်း#
🕛🕧🕐🕜🕑
ကိုယ်ဝန်ဆောင် ဒေါ်ဒီဇင်ဘာ၏ ဝမ်းဗိုက်သည် မနက်ပိုင်းအချိန်ကစ၍ နာကျင်လာခဲ့သည်။ ညနေ နေဝင်သွားချိန်မှစ၍ နာကျင်မှုက တစ်ဖြည်းဖြည်း ပိုရင့်လာခဲ့၏။ ထိုသို့နာကျင်တိုင်း ဒီဇင်ဘာ၏ အရေခြုံဖြစ်သည့် နှင်းစက်များသည် သခင့်နာကျင်မှုကို မခံစားရက်ဘဲ ငိုးကြွေးနေတတ်သည်။ သည်ညတော့ တကယ် မွေးမှာပဲဟု ယူဆရပါရဲ့။
ပတ်ဝန်းကျင်က မိတ်ဆွေ သင်္ဂဟများကလည်း ပျော်လို့ မြူးလို့။ ထထကြွကြွ။ မွေးဖွားလာမည့် ကလေးကို ကြိုဆိုရန် ပုံစံအမျိုးမျိုးဖြင့် ဟန်ပြင်နေလေခြင်း။သေနတ်ဖောက်၍ ကြိုဆိုရန် စောင့်ဆိုင်းနေသူက စောင့်ဆိုင်း။ မီးရှူးမီးပန်းများ ဖောက်၍ ကြိုဆိုရန် ပြင်ဆင်သူက ပြင်ဆင်။ သီးချင်းဆို ကခုန်၍ ကြိုဆိုမည် ပြောသူကပြော။ သည်လိုနှင့် --
ကြိုဆိုမည့်သူများက နာရီလက်တံကို အခါခါ ကြည့်နေရင်း မွေးဖွားလာမည့် ကလေးကို စောင့်ဆိုင်းနေလေသည်။ သားဖွားခန်း ကုတင်ပေါ်က ကိုယ်ဝန်ဆောင် ဒေါ်ဒီဇင်ဘာကတော့ သားဖွားဆရာမများ၏ အလုပ်များ ပျာယာခတ်နေမှုအောက်၌ သတိလစ် မေ့မြောနေလေ၏။
၁၂ နာရီထိုးပြီး စက္ကန့်လက်တန့် တစ်ချက်ရွေ့ချိန်မှာပဲ-
" ဟေး... မွေးပြီ" ဆိုသော ဟစ်ကြွေးသံတစ်ခု သားဖွားခန်းထဲမှ ပေါ်ထွက်လာခဲ့သည်။ ထိုဟစ်ကြွေးသံနှင့်အတူ ကလေးကို ကြိုဆိုရန် အသင့်စောင့်ဆိုင်းနေသူများကလည်း အလုပ်များ ပျာယာခတ်နေတော့လို့။
သေနတ်ဖောက်သံများ ... မီးရှူးမီးပန်း ဖောက်သံများ ... သီးချင်းဆိုသံများ... ကခုန်နေသံများက တိတ်ဆိတ်နေသော သန်းခေါင်ကျော်ကို လှုပ်ခါ ဆူညံစေလို့။ ပျော်မြူးသံများ လောကတစ်ခွင်ကို ဖုံးဟိန်းလို့။
သို့သော် -- ဒေါ်ဒီဇင်ဘာ၏ အရေခြုံဖြစ်သည့် နှင်းစက်များသည် ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်ရင်း သည်းမဲ့စွာ ငိုကြွေးနေလေသည်။ သူတို့ရှေ့မှောက်က ပျော်မြူးနေသူများ၏ အပျော်သည် သူတို့နှင်းစက်များနှင့် မည်သို့မျှ မသက်ဆိုင်သည့်နှယ်။
ဟင့်- သခင် ဒေါ်ဒီဇင်ဘာမှာ အသက်ကမပါတော့။ ကလေး မွေးပြီးပြီချင်း ဆုံးသွားခဲ့လေပြီ။
"ကလေးက ရှင်သန် အမေက ဆုံး"။
သားဖွားဆရာမများ၏ ပြောပြသံကို ဒေါ်ဒီဇင်ဘာ၏ အရေခြုံများဖြစ်သည့် နှင်းစက်များကသာ ကြားမိလေသည်။ နောက်မည်သူများ မကြားခဲ့။ ဪ-သူတို့က ဆူညံမှုအောက် ပျော်မြူးနေသည်ကိုး။
နှင်းစက်များသည် သခင်၏ အတိတ်က ချစ်ခင်ယုယခဲ့မှုများကို တစ်စစီ ပြန်မြင်ယောင်နေရင်း ပူဆွေးသောက ရောက်နေတော့သည်။
သည်လိုနှင့် နေ့ရက်များကလည်း တစ်ဖြည်းဖြည်း ကုန်ဆုံးသွားခဲ့၏။ သို့သော် နှစ်စက်များသည် သူတို့သခင်၏ ချစ်ခင်ယုယခဲ့မှုများကို တစ်ရက်မှ မမေ့နိုင်ခဲ့။ သတိရမြဲရနေသည်။ သတိရတိုင်းလည်း ပူဆွေးသောကရောက်ပြီး ငိုကြွေးနေတတ်သည်။ သခင်၏ မေတ္တာအားက များလေတော့ သခင်ကို ကြာသည့်တိုင်အောင် မေ့ဖို့ခဲယမ်းနေလေ၏။
သခင်မွေးပေးခဲ့သည့် သမီးတော် ဇန်န၀ါရီကို ပွေ့ပိုက်ရင်း နှင်းစက်များသည် သခင်ကို ပို၍ ပို၍ သတိရကာ ငိုကြွေးမြဲ ငိုကြွေးနေလေသည်။
သည်အငို ဘယ်အချိန် တိတ်မည်နည်း။ သနားစရာ နှင်းစက်များ၏ ဘဝ။
စင်စစ်မှာမူ ဒေါ်ဒီဇင်ဘာတိုင်းသည် ကလေးမွေးပြီးပြီချင်း ဆုံးသွားတတ်သည်။ မည်သည့်အခါမှ ရှင်သန်ခဲ့ရိုးမရှိ။ သည်ဖြစ်ရိုးဖြစ်စဉ်ကို သိမြင်လာသည့်အချိန်မှသာ နှင်းစက်များ၏ အငိုလည်း အလိုလို တိတ်သွားတတ်သည်။
ထိုအချိန်တွင် မနွေဦးသည်လည်း တွားသွားတတ်သည့်အရွယ် ရောက်နှင့်နေလေ၏။
ဘုရင်ကြီး ရာသီစက်ဝန်းသည် မည်သူ့ကိုမျှ အရေးမစိုက်ဘဲ သူ့ဟာသူ မှန်မှန် လှည့်နေတော့သည်။
သည်ရာသီစက်ဝန်း အောက်၌--
အချို့က ပူဆွေးသောကနှင့် ငိုကြွေးလျက်။
အချို့က ပျော်မြူးလို့ ကခုန်လျက်။
#ယျာတင်_ရိုဟင်းသား#
ယျာတင်၏ ရင်တွင်းဖြစ် ကဗျာများ၊ ဆောင်းပါးများ၊ ဝတ္တုတိုများ
Subscribe to:
Post Comments (Atom)
-
သူငယ်ချင်းထံ ပေးစာ(၁) =============== သို့/- အဝေးက သူငယ်ချင်း သူငယ်ချင်း ... ကျန်းမာချမ်းသာ ရှိနေတယ်လို့ မျှော်လင့်ပါတယ်။ မတီး...
-
ဘောလုံးကန် ဖိနပ်မရှိလို့ ငိုဖူးတဲ့ ဘဝမှ ဘောလုံးလောကရဲ့ ဘုရင်တစ်ပါး ဖြစ်လာသူ ===============================================...
-
လျှာနှစ်ခွနှင့်လူ ========== ပြောတော့ သမိုင်းပညာရှင်။ အမှန်အမှားရွေးရေး ထိပ်တိုက်တွေ့ဖို့ စိန်ခေါ်တော့ ဝေ့လည်ကြော...
No comments:
Post a Comment