ယျာတင်၏ ရင်တွင်းဖြစ် ကဗျာများ၊ ဆောင်းပါးများ၊ ဝတ္တုတိုများ
27 July, 2016
သိဖို့ကောင်းတယ်
သိဖို့ကောင်းတယ်
===========
လူတွေပေါ့ -
ဒီမိုကရေစီ ကြယ်တွေကို ဆွတ်ခူးမယ်ဆိုပြီး
ကောင်းကင်ပေါ် အလုအယက် တက်နေကြတာ။
အဲ့မှာလေ -
ဘာတွေ့နေလဲ သိကြရဲ့လား။
သူ့ထက်ငါ အရင်တက်ပြီး
ဒီမို ကြယ်တွေ ဆွတ်ခူးကြရာမှာ
လူ့အခွင့်အရေး ရှာပုံတော်မှာ
ငါများ ကျန်ရစ်နေမလား ဆိုတဲ့
စိုးရိမ်ချက် လွန်ကဲမှုက
ဒီမိုကရေစီသမား၊ လူ့အခွင့်အရေးသမား
တစ်ချို့တလေကို
အနုနည်းနဲ့ အနုကြမ်းစီးလိုက်တာ။
ဒီတော့ -
ငယ်နိုင်တွေကို လှေကားထစ်လို အသုံးချပြီး
အမြင့်သို့ တက်ချင်တဲ့ ဇောအလွဲ
သူတို့ ဦးနှောက်ထဲမှာ
သူတို့ အတွေးထဲမှာ
သံမှိုနဲ့ ရိုက်သွင်းပေးသလို ငြိသွားတော့
အယူအမှားတွေ၊ ဝါဒအမှားတွေ
သူတို့နှုတ်မှ ကျွံကျွံ လာနေတော့ပြီ။
ဒီမယ် -
လူ့ဝမ်းထဲက ထွက်လာမှတော့
သင်တို့လည်း လူဖြစ်လာပြီပေါ့။
ဒါပေမယ့်
လူနေတဲ့ ရပ်ဝန်းမှာနေပြီး
လူ့ကျင့်ဝတ်ကို နားလည်ပြီးသူဖြစ်လျက်နဲ့
သင်တို့က
ငါဆိုတဲ့ အတ္တတွေကို ရှေ့တန်းတင်လို့
သူတစ်ပါးကို နှိမ့်ချချင်တဲ့ ဇာတိကို ထုတ်ပြခဲ့လေတော့
အရပ်တကာမှာ
လူ ရယ်စရာ၊ လူ လှောင်စရာ ဖြစ်လို့နေလေပြီ။
ကိုယ့်လူတွေရေ-
ခံရတုန်းကလည်း အတူတူ
တန်ပြန်တုန်းကလည်း လက်တွဲမပြုတ်ခဲ့သူတွေပါ။
အာဏာရှင်ကို ဖြုတ်ချဖို့အရေးမှာ
အသက်သွေးတွေ စတေးဖို့
ခေါင်းမရှောင်ခဲ့သူ ငါတို့မျိုးကို
အခုတော့
သင်တို့ စင်ပေါ်တက်ဖို့
လှေကားထစ်လို အသုံးချချင်လည်း ချပါလေ။
သင်တို့ရဲ့ လူသားအခွင့်အရေး
အပြည့်အဝ ရပြီး
သင်တို့တွေ ပျော်နေမယ်ဆို...
ငါတို့လည်း ပေးဆပ်ရကျိုးနပ်ပါတယ်။
တစ်ပါးတည်း-
တစ်နေ့တော့
သူတစ်ပါးရဲ့ အနင်းခံ လှေကားထစ်ဘဝ
သင်တို့ ကိုယ်တိုင် အရောက်မခံမိစေဖို့
ငါတို့ ဆုတောင်းပေးနေပါရဲ့။
ဒါပေမယ့်-
လောက နိယာမနဲ့ ဆန့်ကျင်နေတဲ့
ငါတို့ရဲ့ ဆုတောင်းမှုက
ဧကန် ပြည့်ဝလာဖို့ မရှိပြီမို့
စိတ်တော့ မကောင်းပါဘူးနော်။
သားကောင်ကိုချောင်းနေတဲ့
သင်ကျားရဲ့နောက်မှာ
ခပ်မိုက်မိုက် မုဆိုးတွေ
အသင့်ရှိနေတယ်ဆိုတာလေး
ကိုယ့်လူ ...
သင် သိဖို့ကောင်းလေစွ။
#ယျာတင်_ရိုဟင်းသား#
Subscribe to:
Post Comments (Atom)
-
သူငယ်ချင်းထံ ပေးစာ(၁) =============== သို့/- အဝေးက သူငယ်ချင်း သူငယ်ချင်း ... ကျန်းမာချမ်းသာ ရှိနေတယ်လို့ မျှော်လင့်ပါတယ်။ မတီး...
-
ဘောလုံးကန် ဖိနပ်မရှိလို့ ငိုဖူးတဲ့ ဘဝမှ ဘောလုံးလောကရဲ့ ဘုရင်တစ်ပါး ဖြစ်လာသူ ===============================================...
-
လျှာနှစ်ခွနှင့်လူ ========== ပြောတော့ သမိုင်းပညာရှင်။ အမှန်အမှားရွေးရေး ထိပ်တိုက်တွေ့ဖို့ စိန်ခေါ်တော့ ဝေ့လည်ကြော...
No comments:
Post a Comment