27 May, 2016

အောင်​မင်္ဂလာသို့




အောင်မင်္ဂလာသို့
===========

အောင်မင်္ဂလာရေ ... ကျန်းမာကြရဲ့လား။

Social media ပေါ်မှာ မြင်နေရတဲ့ အသင့်ပုံရိပ်တွေကို သေချာကြည့်ဖြစ်တော့ အသင် ကျန်းမာရေး ဆိုးရွာနေတာ ကျနော်ဖြင့် သိပ်ခံစားလို့ရနေပါတယ်။ ကျနော်က အသင့်ရင်ခွင်မှာ (၇) နှစ်အထိ ခိုလှုံခဲ့တာကိုး။

အောင်မင်္ဂလာရေ ... ရခိုင်ပြည်နယ်တစ်ခွင်က ရိုဟင်ဂျာလူငယ်တွေ တက္ကသိုလ်တက်ဖို့ ရောက်လေတိုင်း အသင်က ပြုံးပြုံးပြပြနဲ့ နေရာထိုင်ခင်းတွေ လုပ်ပေးခဲ့တာ ကျနော်တော့ တစ်သက်မေ့ရခက်မှာပါ။ အဲ့ထဲမှာ ကျနော်လည်း ပါနေခဲ့တာကိုး။

အလွှာပေါင်းစုံက တက္ကသိုလ် လူငယ်ကျောင်းသားတွေ ပျော်ပျော်ပါးပါး နေလို့ရအောင် အသင်က "ရှိုင်း" အဆောင်၊
"မင်္ဂလာ" အဆောင်၊ "ပါရမီ" အဆောင် စတဲ့ အဆောင်ပေါင်းများစွာကို ဆောက်ပေးခဲ့တယ်။ အဆောင်မှာ မဆန့်တဲ့ လူငယ်တွေကို အသင့် မိသားစုတွေ နေတဲ့ အိမ်တွေမှာ ခေါ်ယူပြီး နေရာထိုင်ခင်း စားဖွယ်သောက်ခင်း ဖန်တီးပေးခဲ့တာတွေ ယခုအချိန်မှာ ကျနော် အလွန်ကိုပဲ အောက်မေ့သတိရနေပါပြီ။

အသင့်ရင်ခွင်မှာ ရခိုင် တက္ကသိုလ် ကျောင်းသားတွေလည်း ခိုဖူးတယ်။ ကမန် တက္ကသိုလ် ကျောင်းသားတွေလည်း ခိုဖူးတယ်။ ရိုဟင်ဂျာ တက္ကသိုလ် ကျောင်းသားတွေလည်း ခိုဖူးတယ်။ ဗုဒ္ဓဘာသာဝင်တွေလည်း ခိုဖူးတယ်။ အစ္စလာမ်ဘာသာဝင်တွေလည်း ခိုဖူးတယ်။ လယ်သမားရဲ့ သားသမီးတွေလည်း ခိုဖူးတဲ့။ သူဌေးတွေရဲ့ သားသမီးတွေလည်း ခိုဖူးတယ်။

အသင်က လူမျိုးဘာသာ၊ ကျားမ၊ အသက်အရွယ်၊ အဖြူအမဲ၊ ဆင်းရဲချမ်းသာ တွေကို မခွဲမခြားဘဲ တန်းတူညီတူ ဆက်ဆံ ချစ်ခင် မြတ်နိုးခဲ့တာကိုး။

ဖြစ်နိုင်ရင် မနက်စာကျွေးဖို့ အပြုံးပန်းပွင့်တွေနဲ့ ကြိုဆိုခဲ့တတ်တဲ့ "မောင်ကမ္ဘာ" လ္ဖက်ရည်ဆိုင်ဆီ ပျံသန်းလို့ အရောက်လှမ်းလာချင်နေပါပြီ။ ဒေသစုံက သူငယ်ချင်းတွေ အတူတူထိုင် လ္ဖက်ရည်သောက်ရင်း အလာပသလာပ စနောက် ပြောဆိုခဲ့တာတွေ ယခုအချိန်မှာ တကယ်ကို ပြန်တောင့်တနေပါပြီ။ ပြီးတော့ ကျောင်းဆင်းလာတာနဲ့ အသင့်စားလို့ရအောင် အဆင်သင့် စီစဉ်ထားခဲ့တတ်တဲ့ "မောင်ကမ္ဘာ" ပတ်ပတ်လည်က "ထမင်း" ဆိုင်တွေကိုလည်း ပြင်းပြင်းပြပြကို သတိရနေတာပါ။ ညနေခင်းချိန် စားချင်ရင် ဝင်မွှေနှောက်ခဲ့တဲ့ "ကမ္ဘာ့" ခေါ် ထမင်းကျော်တွေကိုလည်း တစ်ခေါက်လောက် ပြန်စားချင်နေတာပါ။ ဒီဆိုင်တွေမှာ ဘာသာခြား ရခိုင် သူငယ်ချင်းတွေနဲ့ အတူတူထိုင်ပြီး စားသောက်ရင်း ပျော်ပါးခဲ့ဖူးတဲ့ အခိုက်တွေကိုလည်း ပြန်လိုချင်မိတာပါ။ တက္ကသိုလ်က ဆရာဆရာမတွေကို ဖတ်ခေါ်ပြီး ကျွေးမွေးခဲ့တာကိုလည်း ဒီတစ်သက် ဘယ်မေ့လို့ရမှာတုန်း။
ဒါပေမယ့် ဒီဆန္ဒတွေ ပြန်ပြည့်ဝလာဖို့ မလွယ်မှန်းလည်း ကျနော် သိတယ်လေ။

ပြောရရင် "မုန္နားဘိုက်"တို့ ကွမ်းယာဆိုင်ကအစ "ဟိန်းမင်း" ရုပ်ရှင်ရုံအဆုံး အရာရာကို သတိတရရှိနေပါတယ်။ အထူးသဖြင့် ဟိန်းမင်းရုံမှာ ညနေမိုးချုပ်အထိ ရခိုင်သူငယ်ချင်းတွေနဲ့ အတူတူ ချန်ပီယံလိဂ် ဘော်လုံးပွဲ ကြည့်ဖူးခဲ့တဲ့ အခိုက်လေးကို ပြန်တမ်းတနေမိတာ အရမ်းပါပဲ။

အောင်မင်္ဂလာရေ ... အမြို့မြို့ အနယ်နယ်က အကျင့်ကွဲ စရိုက်မတူတဲ့ ရာပေါင်းများစွာသော လူငယ်တွေ ဘွဲ့တစ်ခုရခဲ့တဲ့အထိ အသင့်ရင်ခွင်မှာ စိတ်အေးချမ်းစွာ နေနိုင်ဖို့ ဧည့်ဝတ်ကျေပွန်ခဲ့တဲ့အတွက် အသင့်ကို ကျေးဇူးတင်လို့မဆုံးပါ။

မနက် ဖဂျာရ်အာဇာန် ခေါ်သံနဲ့တစ်ပြိုင်နက် ဗလီသို့ ဝတ်လာပြုဖို့ နူးညံစွာခေါ်ခေါ်ဖူးတဲ့ အာမိရ်ဆာဗ်ကြီးရဲ့ အသံတော်ကိုလည်း ပြန်ကြားယောင်နေဆဲပါ။

မိဝေးဖဝေးနဲ့ နေနေခဲ့ရတဲ့ ကျောင်းသားလူငယ်တွေ  "မင်္ဂလာ" အဆောင်ပိုင်ရှင် ဆရာဦးရွှေလှ(ကွယ်လွန်- အမြင့်ဆုံးသော ဂျနာတ်၌ စံမြန်းခွင့်ရပါစေ) ကို အဘိုးတစ်ယောက်လို မေတ္တာနဲ့ စနောက်ပြီး ဖြတ်သန်းခဲ့ဖူးတဲ့ နေ့ရက်တွေကိုလည်း ပြန်ကြားယောင်နေဆဲပါ။

အောင်မင်္ဂလာရေ ... ၂၀၁၂ ခုနှစ် ဇွန်လက စပြီး အသင် အထီးကျန်လွန်းနေတယ်နော်။ အသင့်အနီးအနားက ကျေးရွာတွေလည်း ဟိုလူတွေရဲ့ အနိုင်ကျင့်ခံခဲ့ရမှုကြောင့် ဟိုဝေးဝေးမှာ ဒုက္ခသည် စခန်းဖြစ်နေတာကိုး။ ပြီးတော့ အရင်လို အလွှာစုံက တက္ကသိုလ် တက်ဖို့ ရောက်လာတတ်တဲ့ ကျောင်းသားလူငယ်တွေလည်း မရှိ၊ စီးပွားရေးအရ အလုပ်လာလုပ်တဲ့ လူတွေလည်း မရှိဆိုတော့ အသင် အထီးကျန်လွန်းနေမှာ ကျနော်ဖြင့် ခံစားလို့ရပါတယ်။

အရင်က အလွှာစုံ မြို့နယ်စုံက လူတွေနဲ့ စည်းကားပြီး အေးချမ်းသာယာ ပျော်ရွှင်စရာ နေရာလေးဖြစ်ခဲ့ဖူးတဲ့ အောင်မင်္ဂလာဟာ ယခုဆို "အောင်မင်္ဂလာ Ghetto" ဆိုပြီး ဒုတိယကမ္ဘာစစ်တုန်းက နာဇီခေါင်းဆောင် ဟစ်တလာက ဂျူးတွေကို ထိန်းသိမ်းထားဖူးတဲ့ နေရာလေးနဲ့ တစ်ကမ္ဘာလုံးက နှိုင်းယှဉ်နေလေပြီ။ တကယ်လည်း အဲ့ဒီလို ဖြစ်နေတော့ နှိုင်းယှဉ်ပြောဆိုနေတာလည်း မလွန်ပါဘူး။ ဒါပေမယ့် အောင်မင်္ဂလာရေ ... အသင့်အခြေအနေက အဲ့လောက်ထိ ဆိုးရွားနေတာကို တွေးမိလေတိုင်း ဒီရင်ထဲ ပြောမဆုံးအောင် နာကျင်ခံခက်နေတာပေါ့။

အသင်ရင်ခွင်မှာ (၇) နှစ်ထိထိ နေဖူးတဲ့ ကျနော် အသင့်အတွက် စိတ်တွေပူလို့ တစ်ခါတလေ စားချင်စိတ်တွေ မရှိ။ တစ်ခါတလေ အိပ်ရေးတွေ ပျက်လို့။ တစ်ခါတလေ မျက်ရည်တွေ ကျလို့ပေါ့။

စားဝတ်နေရေး ဝယ်ယူစရာ ဈေးတန်းမရှိ၊ မကျန်းမမာဖြစ်လျှင် သွားရောက်ဆေးကုသမှု ခံယူဖို့ ဆေးခန်းမရှိ၊ စားချင်တဲ့ အစာတွေ စားနိုင်ဖို့ ငွေကြေးမရှိ၊ ငွေကြေးရှိပြန်လည်း ပစ္စည်းဝယ်မရ၊ အဆိုးဆုံးက အနာဂတ် ခေါင်းဆောင်လို့ ပြောလေ့ရှိတဲ့ ယနေ့လူငယ်တွေ ပညာနို့ရည်စိုနိုင်ဖို့ စာသင်ကျောင်း မရှိတာပါပဲ။ တစ်ချိန်က အသင့်ရင်ခွင်မှာ အသင့်ကျောခင်းမှာ နေစရာ စားစရာလေးတွေပေးပြီး အမြို့မြို့အနယ်နယ်က လူငယ်ပေါင်းများရွာကို ဘွဲ့တွေရတဲ့အထိ ကျောင်းတက်ခွင့်ပေးခဲ့တဲ့ အသင်ကိုယ်တိုင်က ယခုအချိန်မှာ စာသင်ကျောင်းမဲ့တဲ့ နေရာလေး ဖြစ်နေပါလား ဆိုတဲ့ အသိတရားက ကျနော့် မနောကိုတောင် မွှေနှောက် နာကျင်နေတာပါ။

အောင်မင်္ဂလာရေ ... ဒါနဲ့ အသင့်ရင်ခွင်မှာ လူတွေ ပိုနေတယ် ဆိုပြီး စွပ်စွဲရင်း စစ်ဆေးရေး ဝင်နေတယ်ဆိုပါလား။ သုံးရက်လုံးလုံး မခွာမိဖို့ ပြောဆိုတဲ့ စာတွေလည်း ကပ်သွားတယ်လို့ ကြားနေမြင်နေရတယ်။ ဒီသုံးရက်အတွင်းမှာ အသင့်ကို အကြမ်းဖက်လာမလား တွေးရင်နဲ့ စိတ်ပူမိတာ အရမ်းပဲ။
ဒီလိုသတင်းတွေကို ကြားလေတော့ ကျနော်ဖြင့် အံသြလို့မဆုံး ဖြစ်နေတာပါ။ အသင့်လို အကျဉ်းထောင်ထက် ဆိုးရွားနေတဲ့ နေရာမျိုးမှာ ဘယ်သူတွေ လာခိုကြမှာလေ။ ဒါတွေက သပ်သပ် အသင့်ကို ဒုက္ခထပ်ပေးဖို့ အကွက်ဆောင်နေတာပါ။ သတ္တိဝိရိယနဲ့ သတိရှိရှိနေပါလေ။ အသင် ဘာမှ မဖြစ်ရဘူး။ အသင်က ကျနော်တို့ ကျောင်းသားလူငယ်တွေရဲ့ အသဲလေးပါ။ ကျေးဇူးရှင်ဆိုလည်း မမှားပါဘူး။ ကျန်းမာရေးဂရုစိုက်ပါ။ စားဝတ်နေရေး ခက်ခဲနေရင်လည်း သိမ်ငယ် မနေပါနဲ့။

အခြေအနေက ခါတိုင်း ဒီလို မရှိနိုင်ပါဘူး။ တစ်နေ့တော့ အမှန်တရားတွေ လွှမ်းမိုးလာတဲ့အခါ အရာရာ အဆင်ပြေသွားမှာပါ။ အဓမ္မ တရားတွေက တာရှည်မခံတတ်ဘူးလေနော်။

ရယ်သံတွေ ပျော်သံတွေ အတိဖုံးလွှမ်းခဲ့တဲ့ အောင်မင်္ဂလာ ... အရောင်အသွေးစုံလင်စွာ ပန်းပေါင်းစုံ ဝေဆာဖူးဖွင့်လို့ ရနံ့တွေ အစုံသင်းခဲ့တဲ့ အောင်မင်္ဂလာ ... အခုတော့ ငိုသံ ရှိုက်သံ ...  ခြောက်သွေ့နေတာ သုသာန်အလား ... အနံ့ဆိုး အနံ့ပုပ်တွေ ပြည့်နှက် ... ဝေဒနာ သောက ဒဏ်ရာတွေနှင့် ပြည့်နှက်နေတဲ့ သမိုင်းထဲက အောင်မင်္ဂလာရေ။
တွေးမိတိုင်း ရင်ထဲ အတိနာကျင်နေတာပါ။

နောက်မှ စာပြန်ရေးကြမယ်။ ကျန်းမာရေး ဂရုစိုက်ပါ။ ရင်သွေးငယ်တွေကိုလည်း တတ်နိုင်တဲ့ဖက်က ပညာ သင်ပေးပါ။

သတိတရပေါင်းများစွာနဲ့။
အောင်မင်္ဂလာရင်ခွင်မှာ ခိုခဲ့ဖူးသူ။

---------------
ယျာတင်(ရိုဟင်းသား)
---------------
၂၁၊၅၊၂၀၁၆

No comments:

Post a Comment