ယျာတင်၏ ရင်တွင်းဖြစ် ကဗျာများ၊ ဆောင်းပါးများ၊ ဝတ္တုတိုများ
14 April, 2016
နွေ...မျှော်လင့်ချက် .. တရားမျှတမှု မိုးစက်
နွေ.. မျှော်လင့်ချက် .. တရားမျှတမှု မိုးစက်
=========================
ရွာမလိုလိုနဲ့ မရွာ
နွေကို သိက္ခာမကျစေချင်တာရှိမယ်။
ဧပြီလအလယ်က နွေ
ပူကဲတယ်ဆိုတာ လူတိုင်းသိတယ်။
-
ခေတ်အဆက်ဆက်က စစ်အာဏာရှင်တွေရဲ့ နွေတွေ
အတိတ်မှာ ကျန်ရစ်နေခဲ့ပေမယ့်
အခုထိ ပူပြင်းနေတုန်းပဲ။
-
အတိတ်က နွေထဲမှာ
တို့မြန်မာပြည်ကြီး ငိုတဲ့ မျက်ရည်စက်
မိုးရာသီရဲ့ မိုးရေထက်များခဲ့တယ်။
အာဏာရှင်တစ်စု အေးချမ်းဖို့
ပြည်သူတွေ ရွာပေးခဲ့ရတဲ့ အငိုမိုး။
-
အတိတ်က နွေထဲမှာ
တော်လှန်ရေးသမားများစွာ ညှိုးနွမ်းခဲ့ ရရှာတယ်။
အတိတ်က နွေထဲမှာ
အမှန်တရားတွေ အကျဉ်းချခံခဲ့ ရရှာတယ်။
အတိတ်က နွေထဲမှာ
ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ
အေးအတူ ပူအမျှ ဘဝရင်းခဲ့ ရဖူးတယ်။
-
ဖြစ်နိုင်ရင်
သမိုင်းဆိုးထဲက နွေတွေကို
ပြန်ဦးမော့နိုင်ခွင့် မရရှိဖို့
ဟိုးဟိုးဝေးဝေးက ပင်လယ်ထဲ
တွန်းချပြီး အပြီးမြုပ်နှံလိုက်ချင်တယ်။
-
ဒီနှစ်ရဲ့ နွေ...
"၂၀၁၆" ရဲ့နွေကတော့
မျှော်လင့်ချက်တွေကို တိုးစေတယ်။
"အမေ" "အမေ" ဆိုပြီး ခေါ်ခေါ်နေတဲ့ ခေါ်သံတွေထဲမှာ
ပြည်သူတွေရဲ့ ပြောမဆုံးတဲ့ မျှော်လင့်ချက်တွေ
ပြုံးပြုံးလေး တာစူနေတယ်။
မုန်းတီးမှု၊ အနိုင်ကျင့်မှု၊ မလုံခြုံမှုတွေ ဆုံးခန်းတိုင်ဖို့လည်း
တကယ် မျှော်လင့်တယ်။
-
အတိတ်ဆိုးထဲက နွေပေါင်းများစွာကို
ဒီနှစ် နွေက အလဲထိုး အနိုင်ယူနိုင်ဖို့
ငါတို့တွေ
လူမျိုးဘာသာ မခွဲခြားဖို့တော့ လိုတယ်။
ကွဲပြားမှုကို အားအဖြစ် အသုံးချတတ်ဖို့လည်းလိုတယ်။
-
တကယ်တော့
ကွဲပြားမှုထဲမှာ
ဆွဲမဆုံးတဲ့ အလှတရား ပန်းချီကားချပ်တွေ ဝှက်နေတယ်။
အဲ့လို အလှတရား ပန်းချီကားချပ်တွေနဲ့ပဲ
အနာဂတ် နွေများကို
ငါတို့တွေ အလှဆင်ကြရအောင်လေ။
-
တရားမျှတမှု မိုးစက်လေးတွေလည်း
မကြာမီ ရွာသွန်းလာမယ် ထင်ပါရဲ့........။
ယျာတင်(ရိုဟင်းသား)
၁၄၊၄၊၂၀၁၆
Subscribe to:
Post Comments (Atom)
-
သူငယ်ချင်းထံ ပေးစာ(၁) =============== သို့/- အဝေးက သူငယ်ချင်း သူငယ်ချင်း ... ကျန်းမာချမ်းသာ ရှိနေတယ်လို့ မျှော်လင့်ပါတယ်။ မတီး...
-
ဘောလုံးကန် ဖိနပ်မရှိလို့ ငိုဖူးတဲ့ ဘဝမှ ဘောလုံးလောကရဲ့ ဘုရင်တစ်ပါး ဖြစ်လာသူ ===============================================...
-
လျှာနှစ်ခွနှင့်လူ ========== ပြောတော့ သမိုင်းပညာရှင်။ အမှန်အမှားရွေးရေး ထိပ်တိုက်တွေ့ဖို့ စိန်ခေါ်တော့ ဝေ့လည်ကြော...
No comments:
Post a Comment