ကျောခိုင်းသွားခြင်းခံရတာကို မုန်းတယ်
========================
ည...
လရောင်က မဝင်းမပ
နှင်းက အငွေ့ပျံနေတာ
မြင်နေသူတွေရဲ့ရင်ထဲမှာ
ချမ်းမြေ့ကြည်နူးစရာ။
နှင်း...
အစက်အပေါက်လည်းမဟုတ်
အငွေ့ဖြစ် ပျံနေတာက
နွေဦးကို ကြိုဆိုနေတဲ့ အရိပ်အယောင်လား။
ကျောခိုင်းသွားမလား ဆောင်းရေ။
အနွေးထည်...
မအေးသော်လည်း
ဆောင်းရာသီက မျက်နှာမပျက်အောင်
ကျွန်တော် ဝတ်မြဲဝတ်ထားတယ်။
ကာရာအိုကေသီချင်း
ဆိုနေတာလည်းမဟုတ်
ကာရံညီ စည်းချက်ညီအသံတွေ
ဘယ်က ထွက်ထွက်လာနေသလဲ။
သေချာနားဆင်ကြည့်မှ
သြော်---
ဒီပိုးကောင်တွေကလည်း
ကျောခိုင်းသွားမယ့် ဆောင်းရာသီကို
သီချင်းသံနှင့် နှုတ်ဆက်နေတာပဲ ဆိုတာ
သဘောပေါက်လာတော့တယ်။
မျက်စိက ကြည့်ချင်နေလို့လား
ခံစားတတ်တဲ့နှလုံးသားပါနေလို့လားမသိ
ညရဲ့အလင်ရောင်အောက်
လွတ်လပ်စွာ ပျံနေတဲ့နှင်းကို
အတန်ကြာကြာငေးကြည့်ရင်း
ကျွန်တော်---
တစ်ခုခုကို လွမ်းမောနေမိတယ်။
သြော်----
လွန်ခဲ့တဲ့ နှစ်နှစ်ခန့်က
ဒီလိုဆောင်းအကုန်
နှင်းငွေ့ပျံနေတဲ့အချိန်မှာပေါ့
ကျွန်တော့ကို အဖေက ထားရစ်သွားတာ။
ကံမကောင်းချင်တော့
ယခုကုန်တော့မယ် ဆောင်းကို
နောက်တစ်နှစ်မှာ မျှော်လင့်နိုင်သေးသော်လည်း
ကျွန်တော့ကို---
ကျောခိုင်းသွားတဲ့ အဖေ့ကိုတော့
ထာဝရ မျှော်လင့်ခွင့်မရှိတော့ပါဘူး။
ထာဝရအတွက်
အပြီးအပိုင် ကျောခိုင်းသွားပြီကိုး။
အဖေရေ....
ကျောခိုင်းသွားခြင်းခံရတာကို
ယခုအခါ
သား--- အလွန်ပဲ မုန်းနေတတ်ပြီ။
ယျာတင်(ရိုဟင်းသား)
မှတ်ချက်။ ။ မိမိဘဝကို ခံစားရေးဖွဲ့သည်။
No comments:
Post a Comment