23 February, 2016

ဗိုလ်ချုပ်သာ သက်ရှိထင်ရှား ရှိနေခဲ့မယ် ဆိုရင်

            Photo:: Facebook
ဗိုလ်ချုပ်သာ_သက်ရှိထင်ရှား_ရှိနေခဲ့မယ်_ဆိုရင်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မြန်မာနိုင်ငံကို ကိုလိုနီဘဝက လွှတ်မြောက်စေခဲ့သော ဗိုလ်ချုပ်...

ပြည်သူတို့ အသည်းနှလုံးထဲက ချစ်သော ဗိုလ်ချုပ်...

မြန်မာ့စစ်တပ်ကို စတင် ဦးဆောင်ဖွဲ့စည်းခဲ့သော ဗိုလ်ချုပ်...

အာဇာနည် သူရဲကောင်း ဗိုလ်ချုပ် အောင်ဆန်းသာ... ယနေ့အချိန်ထိ သက်ရှိထင်ရှား ရှိနေခဲ့မယ်ဆိုရင်--

ဒီမိုကရေစီ ခေါင်းစဉ်တပ်ပြီး ကျင်းပနေတဲ့ တို့နိုင်ငံရဲ့ လွှတ်တော်အသီးသီးမှာ စစ်တပ်မှ ၂၅ ရာခိုင်နှုန်း နေရာဝင်ယူနေတာကို ခွင့်ပြုလိမ့်မှာ မဟုတ်ပါဘူး ....။

×××

ကွဲပြားခြားနားမှု သောင်းပေါင်းကို ပင်လုံစာချုပ်ဖြင့် ညှိယူ စုစည်းပြီး နိုင်ငံတော်ကို ပြည်ထောင်စု အဖြစ် နူးညံ့စွာ ပြောင်းလဲနိုင်ခဲ့သော ဗိုလ်ချုပ်သာ ယနေ့ချိန်ထိ သက်ရှိထင်ရှား ရှိနေခဲ့မယ်ဆိုရင်--

တိုင်းရင်းသား ညီအစ်ကိုများ လက်နက်ကိုင် တောခို ရခဲ့မှာ မဟုတ်ပါဘူး ....။

အမိမြေဖွား တိုင်းရင်းသားညီအစ်ကိုများနှင့် စစ်တပ်အကြား ဖြစ်ပွားနေသော ပြည်တွင်းစစ်မီးကိုလည်း လောင်ကျွမ်းခွင့်ပြုခဲ့လိမ့်မှာ မဟုတ်ပါဘူး...။

ပြည်သူများလည်း ပြည်တွင်းစစ်ကြောင့် မိမိတို့ရဲ့ အသက်အိုးအိမ်များကို စွန့်ခွာပြီး တိုင်းတစ်ပါးတွင် ခေါင်းငုံ့ခံ ဒုက္ခသည်ဘဝဖြင့် အတိဒုက္ခရောက်နေခဲ့ရမှာ မဟုတ်ပါဘူး ...။

ပြည်တွင်းစစ်ကြားတွင် အောက်ခြေအဆင့် စစ်သားပေါင်းများစွာတို့လည်း အသက်ဆုံးရှုံးခဲ့ရမှာ မဟုတ်ပါဘူး ...။ အဖေမဲ့ စစ်သား သားသမီးတွေ... ခင်ပွန်းမဲ့ စစ်သား မိန်းမတွေလည်း ပေါ်လာခဲ့မှာ မဟုတ်ပါဘူး ....။

ကချင်းဆရာမ နှစ်ယောက်လည်း စစ်တပ်၏ မုဒိမ်းကျင့်မှုခံရပြီး အသက်ဆုံးသွားရှာရမှာ မဟုတ်ပါဘူး ...။

ကိုပါကြီးတို့လို သတင်းထောက်တွေလည်း ရက်ရက်စက်စက် အသတ်ခံခဲ့ရမှာ မဟုတ်ပါဘူး ...။

၈-နှစ်အရွယ် ရခိုင်သမီးငယ်လည်း စစ်တပ်ရဲ့ အတင်းအဓမ္မ မုဒိမ်းကျင့်ခံရပြီး ဘဝဆုံးသွားရှာရခဲ့လိမ့်မှာ မဟုတ်ပါဘူး ...။

×××

ဘာသာရေးကို နိုင်ငံရေးထဲ ခေါ်မလာနဲ့လို့ မိန့်ဆိုခဲ့ဖူးတဲ့ ဗိုလ်ချုပ်သာ ယနေ့ချိန်ခါထိ သက်ရှိထင်ရှား ရှိနေခဲ့မယ် ဆိုရင် --

ဝီရသူလို့ ဘာသာရေး အမုန်းတရား တွင်တွင်ဟောပြီး တိုင်းပြည် မငြိမ်မသက်ဖြစ်အောင် ပြုလုပ်နေတဲ့ ပုဂ္ဂိုလ်များလည်း အမိမြန်မာနိုင်ငံတွင် ကြာကြာ နေရာ ရခဲ့မှာ မဟုတ်ပါဘူး ...။

×××

အမိမြန်မာနိုင်ငံကလည်း ကမ္ဘာ့အလယ်မှာ အဆင်းရဲဆုံး နိုင်ငံစာရင်းထဲ ပါဝင်နေစရာ အကြောင်း ရှိခဲ့မှာ မဟုတ်ပါဘူး ...။

×××

စစ်တပ်ဝင်မယ်ပြောတဲ့ ကလေးတစ်ယောက်ကို ပညာပဲ အရင်သင်ယူပါလို့ ပြောခဲ့တဲ့ ဗိုလ်ချုပ်သာ သက်ရှိထင်ရှား ရှိနေခဲ့မယ်ဆိုရင် --

ခေတ်မီတဲ့ ပညာရေးစနစ် တစ်ခုအတွက် တိုက်ပွဲဝင်ခဲ့သော မဖြိုးဖြိုးအောင်လို ကျောင်းသား/သူများလည်း သာယာဝတီအကျဉ်းထောင်ထဲမှာ စံမြန်းနေခဲ့ရမှာ မဟုတ်ပါဘူး ...။

×××

အမှန်တရားကို မြတ်နိုးသော ဗိုလ်ချုပ်သာ ယနေ့အချိန်ထိ သက်ရှိထင်ရှား ရှိနေခဲ့မယ်ဆိုရင်--

နှစ်ပေါင်း ၅၀၀၀ ကျော်ကတည်းက အာရ်ကာန်မြေပေါ် နေနေလာတဲ့ ရိုဟင်ဂျာများလည်း မနေ့တနေ့က ခိုးဝင်လာခဲ့တဲ့ ဘင်္ဂလီအဖြစ် စွပ်စွဲ မခံရလောက်ပါဘူး ...။

အန္တရာယ်ပေါ့များတဲ့ ပင်လယ်ကို အန်တုပြီး စက်လှေစီး၍ တိုင်းတပါးကို ထွက်ပြေး အသက်လုစရာ အကြောင်းလည်း ပေါ်ပေါက်လာခဲ့ရမှာ မဟုတ်ပါဘူး ...။

×××

ပြည်သူချစ်သော ဗိုလ်ချုပ်သာ သက်ရှိထင်ရှား ရှိနေခဲ့မယ် ဆိုရင် ------------။

*** ၂၀၁၆ ခုနှစ်​  ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကျရောက်သော "ဗိုလ်ချုပ်အောင်ဆန်း" ၏ ၁၀၁ နှစ်​​မြောက်​​မွေးနေ့ကို ဂုဏ်ပြု၍ ရေးသားပါသည်။


ယျာတင်​ -(ရိုဟင်းသား)

No comments:

Post a Comment