မင်းမသိတဲ့ ချစ်ခြင်း ဒိုင်ယာရီ
==================
ငါ့ နွမ်းနယ်နေတဲ့ နေ့ညများအကြောင်း
မင်း သိဖို့ စိတ်မဝင်စားလည်း
ငါ့ သောက်လက်စ ကော်ဖီခွက်က သိပါတယ် ...။
ငါ့ တွေးလက်စ အတွေးများလည်း သိပါတယ် ...။
ငါ့ ဖျားနေတဲ့ နှလုံးသားလေး
တစ်ခါခုန်တိုင်း နှစ်ခါနာနေတာ
မင်း မသိလည်း
ကောင်ကင်ပေါ်က ကြယ်စင်လေးတွေက သိပါတယ် ...။
ငါ့ ရေးလက်စ ကဗျာကလည်း သိပါတယ် ...။
ငါ့ နွေးထွေးတဲ့ ချစ်ခြင်းမေတ္တာ
ငါ့ ဖြူစင်တဲ့ သစ္စာတရား
မင်းကို မြတ်နိုးတဲ့ ငါ့ နှလုံးသား
ဒါတွေကို မင်း မယုံရဲလည်း
အပြင်မှာ ကျနေတဲ့ နှင်းစက်တွေက ယုံပါလိမ့်မယ် ...။
လေအတိုက် လွင့်ပါလာတဲ့ အမိုက်စကိုတောင်
တယုတယ မဟုတ်ဘဲလည်း
မမြင်သာ၍ ကောက်ယူတတ်သလိုမျိုး
အေးချမ်းမှု လမ်းပျောက်နေတဲ့
ဟောဒီရင်ဘတ်ထဲက ငါ့နှလုံးသားကို
ယုယမှု မမျှော်လင့်တော့ရင်ရော့
မင်း ကောက်ယူသိမ်းထားမလားဟင် ...။
မင်း နှုတ်ခမ်းဥယျာဉ်မှာ ပွင့်တတ်တဲ့
ရင်အေးစေတဲ့ စကားလုံးလှလှလေးတွေ
မြတ်နိုးစရာ ကောင်းတဲ့ နာမ်စားလေးတွေ
ယခုတော့
ရာသီတွေ မပြောင်းလဲဘဲနဲ့
ပန်းပွင့်တွေ အရောင်အနံ့ ပြောင်းသွားတာ
တခဏ အတွက်လား
ရာသက်ပန် အတွက်လားဟင် ...။
ငါ ဆိုးသွမ်းခဲ့ဖူးပါတယ်ဟ
ငါ ယုတ်ညံ့ခဲ့ဖူးပါတယ်ဟ
ဒီအတွက် ငါ့အပေါ် ရောင်ပြန်ဟပ်မှုက
သဲမုန်တိုင်းလည်းမဟုတ်
နှင်းမုန်တိုင်းလည်းမဟုတ်
မင်းရဲ့ ပြင်းထန်တဲ့ အမုန်းမုန်တိုင်း ဖြစ်နေတော့
ဟောဒီ ငါ့ရင်ဘတ်ထဲမှာ
ဆူနာမီထက်ဆိုးစွာ ဝင်မွှေနေတာ
မင်း မသိလည်း
ငါ့ သက်ပြင်းက အသိဆုံးပါ ...။
မြတ်နိုးသူကြီးရေ...
မင်း မကြားချင်လည်း ငါ ပြောပါရစေ
ငါ မင်းကို အရမ်းလွမ်းတယ်
ငါ မင်းကို သိပ်လည်း ချစ်တယ်
ငါ မင်းကို ဘဝပါ ပေးအပ်မိတာပါ ...
ဒါနဲ့ ... ငါ့ကို
သူရဲကောင်း ယောင်မဆောင်နဲ့လို့
စိတ်နာနာနဲ့ ဆက်ပြီး ဟောက်နေမလား
ဟန်ဆောင်ကောင်းနေသူများလို့ ထင်နေဆဲမလား ...
အဲ့ဒါ....
ငါ့ ပတ်ဝန်းကျင်က လေထု
မင်းဆီရောက်လာမှ
ဖြစ်ရပ်မှန်ကို မေးသာ ကြည့်စမ်းပါ ...။
______________
ယျာတင် (ရိုဟင်းသား)
---------------
25.1.2016
No comments:
Post a Comment