23 February, 2016

ဖြစ်ချင်တာများ



ဖြစ်ချင်တာများ
=========

ငါဟာ
သစ်ပင်ကြီးတစ်ပင်မဖြစ်နိုင်လည်း
မြက်ပင်ကလေးလောက်တော့ ဖြစ်ချင်တယ်။
သို့သော်
လမ်းမကြီးကို စိမ်းလန်းစိုပြေတဲ့
လမ်းမဘေးက မြက်ပင်ပဲ ဖြစ်ချင်တာပါ။

ငါဟာ
လမ်းမကြီးတစ်ခု မဖြစ်နိုင်လည်း
လူသွားလမ်းတစ်ခုလောက်တော့ ဖြစ်ချင်တယ်။
သို့သော်
လမ်းမကြီးပေါ် ခွဲခြားမှုကြောင့်ကားစီးခွင့်မရတဲ့
လူသားတွေ စိတ်အေးလက်အေးနဲ့ လျှောက်နိုင်ဖို့
လူသွားလမ်းပဲ ဖြစ်ချင်တာပါ။

ငါဟာ
ဝင်းပတဲ့လမင်းတစ်စင်း မဖြစ်နိုင်လည်း
မှိတ်တုတ်မှိတ်တုတ်နဲ့ ကြယ်ကလေးတစ်စင်းလောက်တော့ ဖြစ်ချင်တယ်။
သို့သော်
အမှောင်ညထဲ လမ်းပျောက်နေသူအတွက်
မျှော်လင့်ချက်ရောင်ခြည်
လမ်းပြကြယ်ကလေးပဲ ဖြစ်ချင်တာပါ။

ငါဟာ
ကြီးမားတဲ့သင်္ဘောတစ်စင်း မဖြစ်နိုင်လည်း
သေးငယ်တဲ့ လှေတစ်စင်းလောက်တော့ဖြစ်ချင်တယ်။
သို့သော်
ဒုက္ခပင်လယ်ထဲကျရောက်ပြီး
အားကိုးစရာမဲ့ဖြစ်နေတဲ့ ရေနစ်သူမျာအတွက်
အသက်ကယ် လှေငယ်တစ်စင်းပဲ
ဖြစ်ချင်တာပါ။

ငါဟာ
ဂုဏ်ကျက်သရေနဲ့ပြည့်စုံတဲ့
ဒေါင်းငှက်တစ်ကောင် မဖြစ်နိုင်လည်း
တေးဆိုငှက်ကလေး တစ်ကောင်လောက်တော့ ဖြစ်ချင်တယ်။
သို့သော်
ငယ်နိုင်ဖိနှိပ်ခံနေရလို့
စိတ်သောကရောက်နေရသူများအတွက်
စိတ်ဖြေသာစေမယ့် တေးသီချင်းဆိုတဲ့
တေးဆိုငှက်ပဲ ဖြစ်ချင်တာပါ။

ယျာတင် (ရိုဟင်းသား)

23.2.2015

No comments:

Post a Comment